ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐! မောင်မောင် - ဘာသာပြန်မှတ်စုများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ May your mind and body be peaceful! 祝你身心愉快! ပျော်ရွှင်ပါစေ။ May you be happy! 祝你快乐!

Tuesday, June 21, 2011

TED အကြောင်း တစေ့တစောင်း

     TED ဆိုတာ အကျိုးအမြတ်မရှာတဲ့၊ ဖြန့်ဝေထိုက်တဲ့ ideas တွေကို ဖြန့်ဝေပေးဖို့ ဖွဲ့စည်းဖြစ်သွားတဲ့ အဖွဲ့အစည်းကြီးပါ။ ၁၉၈၄ ခုနှစ်က Technology, Entertainment, Design ဆိုတဲ့ နယ်ပယ်သုံးခုက လူတွေစုပြီး အစည်းအဝေးပွဲကြီးအနေနဲ့ စတင်ခဲ့တာကနေ တဖြည်းဖြည်းချင်း ကျယ်ပြန့်လာခဲ့တာပါ။ TED ဆိုတဲ့ နာမည်ကိုလည်း ဒီနယ်ပယ်သုံးခုရဲ့ ထိပ်စာလုံးလေးတွေကို ယူပြီး နာမည်ပေးထားတာပါ။

     ကမ္ဘာသူကမ္ဘာသားအားလုံးအတွက် အကျိုးရှိနိုင်မယ့် အကြောင်းတွေကို ပြောဆိုခွင့်ရအောင် ဖန်တီးပေးထားတဲ့ Talk Program တစ်ခုပါ။ နောက်တော့ အရမ်းကျယ်ပြန့်လာတော့ TED အဖွဲ့အစည်းကြီး ဖြစ်သွားပါတယ်။ နိုင်ငံတကာမှာလဲ TED လိုပုံစံမျိုးတွေ ပြန့်ပွားလာအောင် သီးခြားကျင်းပလို့ရတဲ့ စကားပြောပွဲတွေ လုပ်လို့ရအောင် အခွင့်အလမ်းတွေပေးထားတယ်။ ဒါကို TEDx လို့ နာမည်ခွဲလေးပေးထားပါတယ်။  ပြောထားတဲ့ Talks တွေကို မှတ်တမ်းတင်ထားပြီး www.ted.com မှာ ပြန်တင်ပေးပါတယ်။


  ပြောခွင့်ပေးထားတဲ့ အဓိက ခေါင်းစဉ်ကြီးတွေ (Themes) ကတော့ အများကြီးပါပဲ။ အမျိုးသမီးရေးရာ၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကလေးသူငယ်တိုးတက်ရေး၊ တီထွင်ဖန်တီးမှု၊ စသည်ဖြင့် အမျိုး ၅၀ အထိအောင် များပါတယ်။ နောက်ထပ် Theme တွေလည်း ထပ်မံပေါ်ပေါက်လာနိုင်ပါတယ်။
     TED ကကျင်းပတဲ့ ပွဲတွေမှာ  တက်ရောက်ခွင့် ပြောဆိုခွင့် ရတဲ့သူတွေဟာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ တက်ရောက်ခွင့်ရခဲ့ရင်တောင် ပြောဆိုခွင့်ရဖို့ မလွယ်ကူလှပါဘူး။

    TED ကလုပ်နေတဲ့ program တွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာမှ "TED Open Translation Project" ကနေ English စကားနဲ့ပဲ ပြောထားတဲ့ Talk တွေကို English စကား နယ်ပယ်ကနေ ကျော်လွန်ပြီး ဘာသာစကားမျိုးစုံ လူမျိုးစုံက ကြည့်ခွင့် နားထောင်ခွင့် နားလည်ခွင့်တွေကို ရအောင် ဖန်တီးပေးလိုက်တာပါ။ ဒီမှာ ဘာသာဝင်ပြန်တဲ့ လူတွေကတော့ လုပ်အားပေးသက်သက်ပါ။ ပိုက်ဆံတပြားမှ မရပါဘူး။ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်း၊ တစ်ချို့ဆို အအိပ်ပျက် အစားပျက်ခံပြီး ဘာသာပြန်ပေးနေကြတာပါ။ အဲဒါဘာဖြစ်လို့လဲဆိုတော့ English စကား အားနည်းတဲ့ ကိုယ့်လူမျိုးတွေကို ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ ကမ္ဘာကြီး ဘယ်ကို တာဆူသွားနေတယ်ဆိုတဲ့ လမ်းကြောင်းတွေ၊ ကမ္ဘာသူကမ္ဘာသားတွေ ကမ္ဘာကြီးအတွက်နဲ့ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက် ဘာတွေလုပ်ပေးနေကြတယ်ဆိုတာတွေ၊ စတဲ့ စတဲ့ idea တွေကို နားထောင်စေချင်၊ ကြည့်စေချင်၊ ဖြန့်ဝေပေးချင်လို့, လို့ ယူဆရပါတယ်။ တခြားသော အတ္တလေးတွေလည်း ရှိနိုင်ကြပါတယ်။

     ကျွန်တော် ဒီ post ကိုရေးတဲ့အချိန်အထိ မြန်မာစာတန်းထိုး ၀င်ရောက်ပြန်ဆိုပေးတဲ့ လူဟာ ၁၀-ယောက် မရှိသေးပါဘူး။ ဒီတော့ တစ်ခု သွားသတိထားမိပါတယ်။ သာသာပြန်စာရေးနေတဲ့၊ အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်စွမ်းရည်ကောင်းတဲ့ သူတွေ၊ bloggers တွေ အများကြီး ရှိနေလျက်သားနဲ့ ဒီနေရာမှာ အင်အားနည်းနေတာ ဒီ Program ကို မသိကြသေးလို့ ဖြစ်နိုင်တယ်လို့ ယူဆပြီး ဒီအကြောင်းရေးဖြစ်သွားတာပါ။

      ဒါပေမယ့် TED မှာ ဘာသာပြန် လုပ်အားပေးနိုင်တဲ့ သူတစ်ယောက် အနေနဲ့ ဒါတွေကိုတော့ သိသင့်တယ်လို့ ယူဆပါတယ်။

၁။ ပိုက်ဆံမရပါဘူး။

၂။ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်း ဖြစ်နိုင်ပါတယ်။

၃။ ဘာသာပြန်စွမ်းရည် အသင့်အတင့်ရှိရပါမယ်။

၎။ မြန်မာဘာသာကို စကားပြောတဲ့ ပုံစံမျိုးလေးနဲ့ ဘာသာပြန်ပေးရမှာ ဖြစ်လို့ စကားပြောတဲ့ အသုံးအနှုံးတွေ၊ လေသံတွေရဲ့ အသွားအလာကို နားလည်ရပါမယ်။

၅။ ပုံမှန်စာပိုဒ်တွေကို ဘာသာပြန်တာမျိုးထက် Video Time Stamp တွေအရ စာတန်းဖေါ်ပေးရမှာ ဖြစ်လို့ ခေါင်းနည်းနည်း ပိုစားပါတယ်။

     နောက်ပြီး တကယ်ဘာသာပြန်တော့မယ်ဆို ကြုံရမယ့် အကြောင်းလေးတွေကိုလည်း သိရပါမယ်။

၁။ TED နဲ့ Dotsub မှာ Register လုပ်ပြီး account တစ်ခုစီရှိရပါမယ်။ TED ရဲ့ account information မှာ Dotsub username ကို ချိတ်ပေးထားရပါမယ်။

၂။ ဘာသာပြန်ဖို့ Talk တစ်ခုကို request လုပ်လိုက်ပြီဆို TED က သင့်ရဲ့ ဘာသာပြန်စွမ်းရည်ကို အကဲဖြတ်ဖို့ ပို့လိုက်တဲ့ email ကို ဖြေကြားရမှာဖြစ်ပါတယ်။

၃။ အဲဒီ email ကို ဖြေကြားပြီး ပြန်ပို့ပေးရပါမယ်။ အဲဒါကို အကဲဖြတ်ပြီးမှ ဘာသာပြန်ခွင့် ပေးပါတယ်။ (များသောအားဖြင့် ဘာသာပြန်ခွင့်ရကြပါတယ်။)

၎။ Talk တစ်ခုကို ဘာသာပြန်ဖို့ ရက် ၃၀ ပဲ ပေးပါတယ်။

၅။ ရက် ၃၀ နဲ့ မပြီးရင် တော့ အချိန် ထပ်တောင်းကြည့်ရုံပဲ ရှိပါတယ်။ (ရ, မရ မသိပါ။)

၆။ ပထမဆုံး စတင်သူတွေအနေနဲ့ အချိန်တိုတဲ့ Talk လေးတွေကို စတင် ဘာသာပြန်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ (အတိုဆုံး ၃-မိနစ်စာ ကနေ အရှည်ဆုံး မိနစ် ၃၀ လောက်အထိ ရှိနိုင်ပါတယ်။)

၇။ ဘာသာပြန်ခွင့် ရပြီဆိုရင် သူပေးလိုက်တဲ့ Dotsub Link မှာ စတင်ဘာသာပြန်နိုင်ပါပြီ။ တစ်ကြောင်းချင်းစီဘာသာပြန်ပြီးတာနဲ့ Enter Key နှိပ်လိုက်ရင် မိမိရိုက်ထဲ့ထားတဲ့ ဘာသာပြန်စာကြောင်းကို သိမ်းပေးသွားမှာပါ။

၈။ ၀ါကျအားလုံးကို ဘာသာပြန်ပြီး မှ အောက်ဆုံးမှာ ရှိတဲ့ Complete Translation Link ကို နှိပ်လို့ရပါတယ်။

၉။ ဘာသာပြန်ပြီးတာနဲ့  TED မှာ Account ရှိသူ (သို့) ဘာသာပြန်ဖူးသ တစ်ယောက်ကို TED website ကနေ email ပို့ပြီး ကိုဘာသာပြန်ထားတာကို ပြန်သုံးသပ်ပေးဖို့ Request လုပ်ပါ။

၁၀။ Review လုပ်ပေးမယ့်သူ (သို့) Request အလုပ်ခံရသူကလည်း ဒီ ဘာသာပြန်ထားတာကို Review လုပ်ခွင့်ရဖို့ TED ကို request တစ်ခါလုပ်ရပါတယ်။ Review လုပ်ခွင့်ရရင် နှစ်ဖက်လုံးကို TED က email ပို့ပေးပါတယ်။ Dotsub ကနေပဲ Review လုပ်ရတာပါ။

၁၁။ Review လုပ်ခွင့်ကို ၁၅-ရက် ပဲ ပေးထားပါတယ်။ လိုအပ်ရင် ရက်ထပ်တောင်းနိုင်ပါတယ်။ (ရ, မရ မသိပါ။) Review လုပ်ပြီးရင်တော့ "Complete Reviewing This Translation" ကိုနှိပ်ပါ။

၁၂။ Reviewer တစ်ယောက်အနေနဲ့ သူတစ်ပါး ဘာသာပြန်ထားတာတွေကို တိုက်ရိုက်ပြင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အချင်းချင်း ဆက်သွယ်ပြီး အကြံဥာဏ်ပေးတဲ့ ပုံစံမျိုးလုပ်တာကတော့ Respect ပေးရာကျပါတယ်။ (ကျွန်တော်ဆိုရင် မြန်မာစာလုံးပေါင်းမှားတာကို ပြင်တယ်၊ အဓိပ္ပါယ်လုံးလုံးလွဲနေတာတွေကို ပြင်တယ်။ ဥပမာ ၁ လက်မ လို့ ပြောထားတာကို ၁ ပေ လို့ဘာသာပြန်ထားရင် တိုက်ရိုက်ပြင်သင့်ပါတယ်။ ဒါပေမယ့် ကျန်တာတွေကိုတော့ ဘာသာပြန်သူရဲ့ ကိုယ်ပိုင်စတိုင်နဲ့ အာဘော်ကို မထိခိုက်ရအောင် လှမ်းဆက်သွယ်ပြီး အကြောင်းကြားပေးပါတယ်။) သူ့ဖာသာ Dotsub မှာ သွားပြန်ပြင်နိုင်ပါတယ်။

၁၃။ Reviewer အနေနဲ့ Talk တစ်ခုကို Review လုပ်ခွင့်ရအောင် request မလုပ်ခင်မှာ ဘာသာပြန်သူ ဘယ်လို မြန်မာစာ Font သုံးတယ်ဆိုတာ အရင်သိအောင်လုပ်ပါ။ မသိရင် ကိုယ့်စက်မှာ install မလုပ်ထားတဲ့ မြန်မာ Font ကို Dotsub မှာ ပုံမှန်မမြင်ရပါဘူး။ ဒါဆို Review လုပ်ရတာ ခက်ခဲပါလိမ့်မယ်။ နောက်တစ်ခုက ကိုစိတ်ဝင်စားသလား၊ ကိုယ်ကျွမ်းကျင်တဲ့နယ်ပယ်လားဆိုတာ Review လုပ်ပေးရမယ့် Talk ကို အရင် နားထောင်သင့် ကြည့်သင့်ပါတယ်။

၁၄။ ဘာသာပြန်သူ တစ်ယောက်အနေနဲ့ မိမိ တိတိကျကျမသိတာတွေကို လွယ်လွယ်ကူကူနဲ့ ရမ်းမတုတ်စေချင်ပါ။ သိအောင် အရင် ကြိုးစားလေ့လာသင့်ပါတယ်။ နောက်ဆုံး ရှာဖွေမေးမြန်းလို့ မရတော့မှ ရမ်းတုတ်တာကို အပြစ်မပြောပါ။ မသိတာများကို Online Dictionaries များ၊ search engines များကနေ ရှာဖွေဖတ်ရှု သင့်ပါတယ်။ (ကျွန်တော်လည်း မသိပဲ ရမ်းတုတ်လိုက်ရတာတွေရှိပါတယ်။ ဒါပေမယ့် မေးလို့အဆင်ပြေမယ့်လူတိုင်းကို မေးပါတယ်။ တခြားလူတစ်ယောက်က အမှားထောက်ပြလာရင်လည်း သေသေချာချာ လေ့လာပြီး ပြန်ပြင်ပါတယ်။)

၁၅။အရေးအကြီးဆုံးကတော့ Reviewer ရော ဘာသာပြန်သူကိုယ်တိုင် ဘာသာပြန်ပြီးသား Video ကို Dotsub မှာ ပြန်ကြည့်သင့်ပါတယ်။ စာလုံးပေါင်းအမှားများ၊ လိုအပ်သည်များကို အချိန်မီ သိရှိပြင်ဆင်နိုင်ရန်အတွက်ပါ။ Reviewer က Review လုပ်ပြီးကြောင်း Click နှိုပ်လိုက်ရင် ဘာသာပြန်သူအတွက် အစစအရာရာ ပြန်စစ်ဖို့ အချိန် ၁-ရက် ထပ်ရပါသေးတယ်။ ၁ ရက်ကျော်သွားလို့ ဘာသာပြန် Video ကို Published လုပ်လိုက်ပြီးရင်တော့ ပြန်လည်ပြင်ဆင်ဖို့ မရနိုင်တော့ဘူးလို့ လောလောဆယ် သိရှိထားပါတယ်။

၁၆။ Review လုပ်ခြင်းနဲ့ ဘာသာပြန်ခြင်းတွေအတွက် TED Score အနေနဲ့ ၁-မှတ်စီပဲ ရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီအမှတ်အတွက် ဘာသာပြန်နေခြင်း မဖြစ်သင့်ပါ။

၁၇။ ဘာသာမပြန်ခင် Review အရင်လုပ်ပေးခြင်းအားဖြင့် သူတစ်ပါးဆီမှ ပညာရနိုင်ပါသည်။ သို့သော် ထိရောက်သော Review လုပ်ဖြစ်ရန် မိမိကိုယ်တိုင် ဘာသာပြန်စွမ်းရည် အသင့်အတင့် ရှိမှ ကောင်းပါမည်။

     လောလောဆယ် မြန်မာစာတမ်းထိုး ဘာသာပြန်များ နည်းနေပါသေးသည်။ လုပ်နိုင်သူများ လုပ်လိုကြလျှင် သိရှိနိုင်အောင် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန် အဆင့် အလွန်မှပင် နိမ့်နေပါသေးသည်။

     ဘာသာပြန်ပေးခြင်းဟာ အထူးသဖြင့် အင်္ဂလိပ်စာ လေ့လာနေသူများ အတွက် အကြောင်းအရာတစ်ခုကို စာတစ်ပုဒ်ရိုးရိုး ဖတ်တာထက် နားလည်မှုပိုရနိုင်ပါတယ်။

ဖြန့်ဝေနိုင်ကြပါစေ...
ပျော်ရွှင်ကြပါစေ...
မောင်မောင်

No comments:

Post a Comment