[ကျွန်တော်သည် ဘာသာအနည်းငယ်မျှသာပြန်ဖူးပါသည်။ ဘာသာပြန်ကျွမ်းကျင်သူလည်းမဟုတ်ပါ။ ဘာသာကောင်းမွန်စွာပြန်တတ်ရန် ကြိုးပမ်းနေသူတစ်ဦးသာဖြစ်ပါသည်။ မိမိ ခံစားခဲ့ရ ကြုံခဲ့ရသည်များကို ပြန်လည်ဖောက်သည်ချခြင်းသာဖြစ်ပါသည်။ အရေးမတော်၍ ဆရာကြီးပုံပေါက်ခဲ့သော် နားလည်မှုဖြင့် ခွင့်လွှတ်ပေးကြစေလိုပါသည်။]
ဘာကိစ္စမဆို လွယ်တယ်လို့တွေးရင်လွယ်ပါတယ်။ ခက်တယ်လို့တွေးရင်လည်း ခက်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်တကယ် လုပ်ကြည့်တဲ့အခါ အခက်အခဲကတော့ အနည်းနဲ့အများဆိုသလို တွေ့လာနိုင်ပါတယ်။
အဲဒီတော့ ဘာသာပြန်ခြင်းအပေါ် ဘယ်လိုသဘောထားကြပါမလဲ။ ဘာသာပြန်တာဟာ လွယ်ကူပါသလား? ဒီမေးခွန်းကို ကျွန်တော်တို့ကြိုးစားပြီး ဖြေကြည့်ကြရအောင်လားဗျာ။
ကျွန်တော် ဘာသာပြန်မလုပ်ခင်တုန်းက ဟိုစာအုပ်ဘာသာပြန်ချင်သလိုလို၊ ဒီစာအုပ်ဘာသာပြန်ချင်သလိုလိုနဲ့ ဘယ်ဟာမှ ဟုတ်တိပတ်တိ မစဖြစ်ခဲ့ပါဘူး။ စဖို့ကြိုးစားခဲ့တိုင်း ဟိုဟာမသိ ဒီဟာမသိနဲ့ တိုးလိုးတန်းလန်းရပ်သွားခဲ့တာချည်းပါပဲ။ အကြောင်းပြချက်ကလည်း စုံမှစုံ။ အဘိဓါန်လှန်ရမှာပျင်းတာရယ်။ တခြားစာကြီးပေကြီးတွေကို များများဖတ်မှ ဘာသာပြန်ရတာ ပိုကောင်းမယ်ဆိုတာတွေ။ ခါးနာတာနဲ့။ ခေါင်းကိုက်တာနဲ့။ ဒီထက်အရေးကြီးတာတွေ လုပ်နေရတာနဲ့။ ပေးလည်းပေးနိုင်လွန်းတဲ့ ဆင်ခြေတွေ။ (ဒီနေ့အထိလည်း ကိုယ်မလုပ်ချင်တာတွေကို ဆင်ခြေမျိုးစုံပေးတုန်းပါပဲ။)
တကယ့်တကယ် အနောက်ကတွန်းအားနဲ့ အလုပ်သဘောလည်းဆန်လာရော အဲဒါတွေကို အကုန်ဘေးပုံရတော့တာပဲ။ ပျင်းပျင်းမပျင်းပျင်း အဘိဓါန်လှန်။ ရောချလို့မှမရတာ။ တခြားစာတွေလည်းမဖတ်အားပါဘူး။ ကိုယ်ဘာသာပြန်ရမယ့်ဟာကိုပဲ ထပ်ပြန်တလဲလဲ ကြည့်နေရတာ။ ခါးနာလည်းလုပ်၊ ခေါင်းကိုက်လည်းလုပ်။ ဒီထက်အရေးကြီးတာမရှိ။ ဒါကအရေးအကြီးဆုံးပဲ။ အဲဒီလိုအခါမျိုးကြမှ ဆရာတော်ကြီးတစ်ပါးမိန့်ခဲ့ဖူးတဲ့စကားလေးနဲ့ ကိုယ့်ကိုယ်ကို တွန်းရတာပေါ့။ ‘‘လုပ်ချင်ချင်မလုပ်ချင်ချင် ပေလုပ်’’ ဆိုတာ။ (တရားကျင့်တဲ့နေရာမှာအသုံးချဖို့ မိန့်ခဲ့ပုံရပါတယ်။)
လူတိုင်းသိကြပါတယ်။ ဘာသာပြန်လုပ်ငန်းရဲ့ ပထမဆုံးအခက်အခဲက ကိုယ်ကိုင်တွယ်ရတဲ့ ဘာသာစကားကို ဝေါဟာရ မကျွမ်းကျင်တာပါ။ ဒါကတော့ ဘာသာရပ်ဆိုင်ရာစာအုပ်တွေ၊ အဘိဓါန်တွေကို အားကိုးရင် ပြေလည်နိုင်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့နယ်ပယ်အကြောင်း ဘာသာပြန်တုန်းကဆို ငိုတောင်ငိုချင်တယ်။ တစ်လုံးမှ ကိုယ်နဲ့မရင်းနှီးဘူး။ နောက်ဆုံး သူငယ်ချင်းဆီက ဘာသာရပ်ဆိုင်ရာအဘိဓါန် ၂အုပ်၃အုပ်လောက် ငှားလို့ရတော့မှပဲ စိတ်ထဲ နည်းနည်းပေါ့သွားတော့တယ်။ ဒါတောင်မှ အဘိဓါန်ထဲမှာ ကိုယ်ရှာချင်တာ အကုန်မရှိပါဘူး။
ဒုတိယကတော့ ဘာသာစကားအခက်အခဲမရှိဘူးထားဦး၊ ဆီလျော်တဲ့ဝေါဟာရနဲ့ ဖလှယ်နိုင်ရေးကခက်ပြန်ရော။ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဝေါဟာရတွေ ပြောင်းသုံးရပါတယ်။ ခပ်တည်တည် ခပ်ခန့်ခန့် ပြန်ရမှာလား။ ဟာသသံလေးနှောပြီးပြန်ရမှာလား။ လေသံအနေအထား၊ ဇာတ်ကောင်စရိုက်၊ ဇတ်လမ်းအခြေအနေ၊ ခေတ်အခါကာလ၊ နောက်ခံဆင်း(Scene) စတာတွေနဲ့ကိုက်ညီအောင် ဝေါဟာရတစ်လုံးထဲကိုပဲ အသုံးအနှုံးအမျိုးမျိုးနဲ့ အလိုက်သင့်ပြောင်းလဲသုံးနှုံးပေးရပါတယ်။
တတိယကတော့ ပြေပြစ်တဲ့ဝါကျလေးတွေ၊ စာပိုဒ်လေးတွေ၊ စကားလေးတွေရလာဖို့ပါ။ သဒ္ဒါပိုင်းလို့ပြောနိုင်ပါတယ်။ စာတွေစကားတွေက ထောင့်ထောင့်ကြီးတွေဖြစ်နေရင် အရမ်းသိသာပါတယ်။ အဲဒီမှာ ဘေးလူအကူအညီ ယူရတော့တာပါပဲ။ ကိုယ်ပြန်ထားတဲကဟာကို ကိုယ့်ဖာသာပြန်ဖတ်ရင်တော့ ဟုတ်နေသလိုလို။ သူများကို အကူအညီတောင်းပြီး ပြန်ဖတ်ခိုင်းတော့မှ တမျိုးကြီးဖြစ်နေတတ်ပါတယ်။ ဒါကိုတော့ ကိုယ်ကိုယ်တိုင် စာများများဖတ်ရင် ဖြေရှင်းလို့ ရနိုင်ပါတယ်။
စတ္တုထ္ထကတော့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ ကိစ္စရပ်တွေအပေါ်မြင်ကြပုံပါ။ အထူးသဖြင့် ဟာသဘာသာပြန် တချို့ကိုဖတ်ပြီး မရယ်ရတဲ့အခါ တခုခုသိဖို့လိုနေကြောင်း သတိထားမိကြမှာပါ။ ဟာသက ရယ်စရာမကောင်းလို့ မဟုတ်ပါဘူး။ ကိုယ်က သိထားရမယ့် ယဉ်ကျေးမှုထုံးတမ်းတွေကို မသိထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပဉ္စမကတော့ ကျင်လည်းကျက်စားရာ နယ်ပယ်အသိုင်းအ၀ိုင်းပါ။ ရှေ့နေလောက၊ စီးပွားရေးလောက၊ ဆရာဝန်လောက စသဖြင့် သူတို့တွေရဲ့လောကမှာ အသုံးများ လူသိများတဲ့ ဝေါဟာရနဲ့ အကြောင်းအရာတွေပါ။ ဒါတွေကတော့ စာစုံဖတ်၊ လူစုံပေါင်းမှ ရလာနိုင်မယ့် ဗဟုသုတတွေပါ။
ဆဌမကတော့ ဘာသာစကားကိုယ်၌ပါ။ ဒါကတော့ ပိုပြီးခက်ခဲတဲ့အပိုင်းပါ။ စာပေမတူတဲ့အတွက် ဖြစ်လာတဲ့အချက်ပါ။ ဒါတွေကိုတော့ နီးနီးစပ်စပ် ကိုယ့်စာပေအသုံးအနှုံးမျိုးရအောင်ပဲ ပြန်နိုင်ပါတယ်။ ဥပမာ စကားပုံလိုဟာမျိုးတွေပါ။ တခါတလေမှာ ဖလှယ်စရာမရှိလောက်အောင် ကွဲပြားလှပါတယ်။
သတ္တမကတော့ ဝေါဟာရအကျစ်အဖောင်းပါ။ တခါတလေမှာ ဘာသာပြန်ရင် ကိုယ့်ဘာသာစကားကိုယ် ဖလှယ်လိုက်ပြီးတဲ့အခါ သူက စာတစ်ကြောင်း ကိုယ်က စာနှစ်ကြောင်း၊ သူကစာတစ်မျက်နှာ ကိုယ်က စာနှစ်မျက်နှာလောက်ဖြစ်နေတတ်ပါတယ်။ သူက စကားတစ်ခွန်း ကိုယ်က သုံးလေးခွန်းဖြစ်နေတတ်ပါတယ်။ သူက တစ်သံထဲထွက်ပြီး ကိုယ့်ကျမှ အသံသုံးလေးသံလောက်ထွက်နေတာပါ။
အဋ္ဌမကတော့ သူတိုမှာ ဒီလိုသုံးပေမယ့် မိမိဘာသားစကားမှာ ဘယ်လိုသုံးသလဲဆိုတာ လေ့လာရတာပါ။ ဒီအချက်ဟာ တော်တော် ဒွိဟပွားစရာပါပဲ။ ကျွန်တော် သူများဘာသာပြန်လေးတွေကို စဖတ်တုန်းက စာထဲမှာရေးထားတဲ့ ဝေါဟာရကိုကျတော့မပြန်ဘဲနဲ့ မပါတဲ့ဝေါဟာရကိုတော့ ထည့်သုံးထားတာ သတိထားမိပါတယ်။ ကိုယ်က အထင်တောင်တစ်မျိုးရောက်ခဲ့မိသေးတယ်။ တိုက်ရိုက်ဖလှယ်လိုက်ရင် ပြေပြေပြစ်ပြစ်တော့ ရလာနိုင်ကောင်းပေမယ့် ကိုယ့်အသုံး ကိုယ့်အပြောမဟုတ်တဲ့အတွက် ထောင့်ထောင့်ကြီးဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြီးက အပိုပါနေတော့မှာပါ။ ဒါပေမယ့် ဆီလျော်အောင်၊ အာဘော်မိအောင်၊ ပြေပြစ်အောင် စတာတွေအတွက် free ရမ်းလုပ်လို့လည်းမရနိုင်ပါဘူး။ ချိန်ဆမှုအများကြီးလိုအပ်လာပါတယ်။ ဒီအချက်ကိုတော့ ဘာသာပြန်သက်ရင့်နေတဲ့ ဆရာသမားကြီးများရဲ့ ဘာသာပြန်တွေကို ပြန်လေ့လာတာရယ် ၊ မိမိကိုယ်တိုင် ဘာသာပြန်သက်ရင့်လာတာရယ်ကလွဲလို့ တခြားဖြတ်လမ်းမရှိနိုင်ဘူးလို့ထင်မိပါတယ်။
ဒီအခက်အခဲတွေအကြောင်းကို ကျွန်တော်ပြောနေရခြင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။ ဘာသာပြန်တာဟာ လွယ်ကူသလားဆိုတဲ့အချက်ပါ။ ပထမဆုံးက နိဒါန်းကိုပြန်ကောက်ကြည့်ဖို့ပါ။
ဘာသာပြန်နဲ့ နှိုင်းယှဉ်ရရင် ကိုယ့်စိတ်ထဲ ကိုယ့်ခေါင်းထဲမှာ ရှိနေတဲ့ ခံစားချက်တွေ အတွေးတွေကို သိပ်မနက်နဲရင် အလွယ်တကူရေးချလို့ရနိုင်မှာပါ။ ဘာသာပြန်ကတော့ အဲဒီလောက် မလွယ်ဘူးလို့ ထင်မိပါတယ်။ ဘာသာစကားပေါင်းကူးတံတားကို အဆင်ပြေပြေခင်းပေးဖို့ တာဝန်တစ်ရပ် အပိုရှိလာပါတယ်။ မူရင်းစာရေးသူရဲ့ အာဘော်နဲ့ ဆိုလိုရင်းကို မတိမ်းမစောင်းပဲ ထပ်တူပြုပေးနိုင်ဖို့ တာဝန်ကိုလည်း ယူထားရပါတယ်။ အပျော်ဖတ်စာပေတွေ၊ ပုံတိုပတ်စတွေကို ဘာသာပြန်ရင် ဒီလောက် ဒုက္ခခံဖို့လိုချင်မှလိုမှာပါ။ ဒါပေမယ့် သမိုင်းဘာသာပြန်၊ သတင်းဘာသာပြန်၊ ဆောင်းပါးဘာသာပြန်၊ အက်ဆေးဘာသာပြန် စတဲ့ နက်နဲတဲ့အပိုင်းတွေကို ဘာသာပြန်ရင်တော့ အထက်ပါအချက်တွေကို ဂရုပြုဖို့လိုအပ်လာပါလိမ့်မယ်။
ဘာသာပြန်တတ်ကြပါစေ။
ပျော်ရွှင်ကြပါစေ
ဦးမောင်
၁၁-၀၂-၂၀၁၀ ည ၁၂း၄၉
ဟုတ်ကဲ့ ဖတ်မှတ်သွားပါတယ် ဦးမောင်ရေ သမီးကလဲ ဘာသာပြန်ရတာ သဘောကျတယ် ဟိ
ReplyDeleteပြောသာပြောရတယ်...အခုအထိတော့ ပြန်ချင်သလိုကို ဘာသာပြန်နေတာ...ဘာစည်းဘာဘောင်မှမရှိဘူး...လွတ်လပ်လို့...
ReplyDelete